Wednesday, July 20, 2016

စစ်မှန်တဲ့ အနမ်းနဲ့



စကားတစ်လုံးကို တစ်ယောက်တစ်ဝက်ချိုးယူလိုက်တဲ့အချိန်မှာ
စကားထဲက ဘာထွက်လာသလဲ။ လူဟာ သေခြင်းတရားကို ရသွားတဲ့အခါ
သစ်ပင်တွေဟာ ဘာလို့စိမ်းသွားသလဲ၊ နီသွားသလဲ၊ ဝါကြန့်ကြွေသွားသလဲ။
ဝင်းမှည့်နေတဲ့ သစ်သီးတစ်လုံးတော့ တစ်ယောက်စီမှာ ရှိကြမယ်။ ပြီး လင်းနို့တွေ။
ငါကြောင့်မြစ်ကြီးစီးဆင်းရတာလို့ ငါမပြောမိပါလား၊ ငါဟာ မင်းရဲ့ မြစ်ဝကျွန်းပေါ်ပဲ။
ကျေနပ်တယ်၊ ကျေးဇူးတင်တယ်၊ ကြည့်စမ်း၊ ငါစိမ်းလန်းနေတာ မနာလိုစရာ။
ကလေးကလားစကားပေါ့ မင်းကြာပွတ်ကိုင်တာနဲ့ပဲ ငါအရှိုးတွေ ဖြစ်ချင်ပြီ
ငါ - မင်း - ကို - သိမ်း - ပိုက် - ရ - မှ - ငါ - နဲ့ - ငါ - နေ - လို့ - ရ - တော့ - မယ်
နင်းစမ်းပါ၊ ချေစမ်းပါ၊ ကြေနွမ်းမှ ရနံထွက်တာ ငါဟာ ဆူးမွှေးရွက်စိမ်းပါ
သံသရာစက်ကွင်းထဲ ငါ့ကို ပစ်သွင်းလိုက်စမ်းပါ၊ မင်းကလွဲလို့ ဘာတရားထူးမှ
မရစေအောင် ငါကျင့်ကြံပစ်လိုက်မယ်၊ မင်းပေါ်မှာ ငါရေကြီးပစ်လိုက်ရတော့မယ်။
ဒီမှာကြည့်စမ်း၊ ငါဟာ ရေနစ်သေသူမျက်လုံးထဲက သူ့အချစ်ကို တမ်းတအကြည့်။
တစ်တောလုံး ပြာဖြစ်သွားစေတဲ့ မီးကျွင်းဟာ မင်းနှုတ်ခမ်းပေါ်က ကြွေကျတာ။
ဆလိုဗီးနီးယား ဘာသာစကားမှာ "မီးလီးနား" ဆိုတဲ့ စကားလုံးရှိတယ်၊
"ကျက်သရေ" နဲ့ "အကြင်နာတရား" အဓိပ္ပယ်နှစ်ခုစလုံးထွက်တယ်။
"ကျက်သရေရှိတဲ့ အကြင်နာတရား" "အကြင်နာတရားရဲ့ကျက်သရေ"
("ရဲ့"ဖြုတ်လိုက်) အကြင်နာကျက်သရေ။ ရေအောက်အမှောင်ထဲကနေ
တဖြည်းဖြည်းအလင်းဆီထိုးတတ်လာပြီး မျက်နှာပြင်မှာ ဖူးပွင့်လိုက်တာ
ငုံလာခဲ့တဲ့အကြင်နာ။ အရည်ကြိုစက်ထဲမှာ မင်းနဲ့ ငါဟာ သတ္ထုစပ်။
ငါအမဲလိုက်နေတဲ့အခါ မင်းဟာ ငါ့နားက မခွာတဲ့လိပ်ပြာနက်။
ငါ့ကိုကပ်မဲ့ တံဆိပ်ကပ်သံပူဟာ မင်းနှလုံးသားထဲ တရှဲရှဲမြိုက်နေတယ်။
မင်းနဲ့ငါ ဘယ်တော့အိပ်ရမလဲ။ ရိုးတွင်းခြင်ဆီ ရေဒီယိုသတ္တိကြွ။
အထိနဲ့ အထိ။ အတွေ့နဲ့ အတွေ့။ အသားနဲ့ အသား။ ဆားနဲ့ ဆား။


- ဇေယျာလင်း

No comments:

Post a Comment