Tuesday, July 19, 2016

FB status - မနက်ခင်း


မနက်ဘက် အစောဆုံး မြည်တဲ့ ငှက်သံတွေကို နားထောင်နိုင်လောက်အောင် စောစောမထဖြစ်တာ ကြာပြီ။ ဒီနေ့တော့ နိုးနေတာနဲ့ အသေအချာ ကြားလိုက်ရတယ်ပေါ့။ မထူးခြားပေမယ့် အံ့ဩစရာလိုပဲ။ တစ်ကောင်စ နှစ်ကောင်စက စ မြည်မယ်။ နောက်တော့ အနီးပတ်ဝန်းကျင်တစ်ခုလုံးက ငှက်တွေပါ လိုက်အော်မယ်။ ဆူဆူညံညံဖြစ်သွားပြီး မရပ်တော့ဘူး။ နားထောင်ရင်းနဲ့ ငှက်အမျိုးအစားတွေ မတူတာ ကြားရလာမယ်။
ထွေထွေထူးထူး မရှိဘူး။ ဒါပေမယ့် ဘာမှ မဟုတ်ဘူးဆိုတာတော့လည်း မဟုတ်ဘူး။ ကိုယ် စမ့်ကို သတိရနေတယ်။ အဲဒီလို သတိရတာကိုလည်း ကျေနပ်နေတယ်။ အံ့ဩစရာနော် .... ဒီရက်ပိုင်း ဒီလောက်ဖြစ်ထားတဲ့ ပြဿနာတွေထဲမှာမှ။ ဒီအချိန် စမ် အိပ်နေမှာ။ တစ်နေရာမှာ (နည်းနည်း ကြီးကြီးကျယ်ကျယ် ပြောရရင် အတူတူ အသက်ရှင်နေရတဲ့ ဒီ အချိန်ကာလကြီးရဲ့ တစ်နေရာရာမှာ) စမ့်ဘာသာ စမ် ရှိနေမှာကို တွေးပြီး စိတ်ထဲ သာယာမိ၊ သဘောကျမိတယ်။ တစ်နေရာမှာ စမ် ရှိနေတယ်၊ အဲဒီလို တွေးရတာကိုက ပျော်ဖို့ကောင်းလာတယ်။ ရှင်းပြပါလို့ အကြောင်းပြချက်တစ်ခုခုတောင်းလာရင်တော့ ပြောဖို့ အခက်အခဲရှိမယ်။
ကိုယ် တစ်ခုခုကို သိစိတ်နဲ့ ဖြစ်ဖြစ်၊ ဖြစ်လာပါစေတော့လို့ ကြိုတင် ရည်ရွယ်ထားတာ မရှိဘဲ ဖြစ်ဖြစ် စောင့်နေခဲ့တာ ရှိရင် ကိုယ်စောင့်နေခဲ့တာ အခုအချိန်ပဲ ဖြစ်မယ်။ ကိုယ် စမ့်ကို ချစ်တယ်လို့ တိတိကျကျ သိနေပြီး အဲဒီလို သိနေရတာကို ကြည်နူးမိတဲ့ အချိန်မျိုးပေါ့။ အရင်က ဘာတွေ ဖြစ်ခဲ့ပြီး နောက်ထပ် ဘာဆက်ဖြစ်မယ်လို့ မသိချင်တဲ့၊ သိစရာ မလိုအောင် ပြီးပြည့်စုံနေတဲ့ အချိန်မျိုး၊ ဘာမှ ဖြစ်မလာရင်တောင် ဒီအချိန်မှာ နေရထိုင်ရတာ အဓိပ္ပာယ်အပြည့်အဝ ရှိနေတယ် ခံစားရတဲ့ အချိန်မျိုးပဲ။ အခု ဒီနေရာနဲ့ ဒီအချိန်မှာ ကိုယ်ဟာဖြင့် လူတစ်ယောက်ကို ချစ်နေပါတယ်ဆိုတာ သေချာနေတယ်လေ။ကိုယ် ဘာကို ထပ်ပြီး မျှော်လင့်ချင်နေမိဦးမှာလဲ အဲဒီ့အပြင်။
အပြင်မှာ ငှက်သံတွေ ကြားနေရတုန်းပဲ။ ။

No comments:

Post a Comment