Wednesday, July 20, 2016

ဗိုလ်တထောင်ကမ်းနားမှာ

"တစ်ရာလောက် ရှိလား"
ထိုင်နေတုန်း ကလေးတစ်ယောက် လာတောင်းတယ်။ မပေးချင်တာနဲ့ ခေါင်းခါပြမိ။
"အကင်နည်းနည်းလောက် ကျွေးပါလား"
စားဖို့ ဝယ်ထားတဲ့ ကိုရီးယားအကင်တွေကို လက်ညှိုးထိုးပြပြန်တယ်။ သနားလာတာနဲ့ ဖော့ဘူးကို တစ်ခြမ်းခြမ်းပြီး အကင်နည်းနည်းခွဲကျွေးလိုက်တယ်။
ကလေးလေးက လူကြီးစပို့ရှပ် အနီကြီးတစ်ထည်ကို ဒူးခေါင်းလောက်ထိရောက်အောင် ဝတ်ထားတယ်။ နားထင်နားမှာလည်း သွေးတိတ်ထားတာ မကြာသေးတဲ့ ပုံနဲ့ အနာတစ်ခု။ (နောက်ပိုင်း သေချာကြည့်ကြည့်မယ် လုပ်တော့လည်း မပြ) ဖိနပ်လည်း စီးမထား။
မုန့်ယူပြီးတာနဲ့ တန်းမသွားဘူး။ ချာတိတ်က စမ်က ဂစ်တာထည့်ထားတဲ့ အိတ်ကြီးကို စပ်စုနေတယ်။
" ဒါ ဘာကြီးလဲ "
"ဂစ်တာလေ။ သီချင်းဆိုတဲ့ ဟာ"
"တီးပြပါလား"
"ဟင့်အင်း။ မုန့်စားဦးနော် သား။ ကျန်တဲ့ သူငယ်ချင်းတွေကို ဒီက မုန့်ပေးလိုက်တာ မပြောပြနဲ့ဦး " (ကလေးတွေ တပြုံကြီး လာတောင်းနေရင် ကိုယ်တွေစားဖို့လည်း ကျန်တော့မှာမှ မဟုတ်တာ။ ကျန်တဲ့ ကလေးတွေ အလှည့်ကျ မကျွေးနိုင်ရင်လည်း စိတ်မကောင်းစရာ)
ချာတိတ် မုန့်ယူပြီး ထွက်သွားတယ်။ စကားနားမထောင်ပါဘူး။ ခဏနေတော့ သူ့ထက် အသက်နည်းနည်းပဲ ပိုကြီးမယ့် ကလေးမလေးတစ်ယောက်နဲ့ တူတူ ပြန်လာတယ်။ ကောင်မလေးက ဆံပင်နှစ်ဖက်စည်းလို့ ။ မြင်တာနဲ့ ကျိုးထားတဲ့ သွားလေးတွေ ပေါ်အောင် ရယ်ပြတယ်။ ကောင်လေးလိုပဲ ဖိနပ်မပါ ခြေဗလာ။
"ဒါ သီချင်းဆိုတဲ့ ဟာကြီးလေ "
ကောင်လေးက ဂစ်တာအိတ်ကြီးကို ပုတ်၊ လူတတ်ကြီး ဂိုက်ဖမ်းပြီး ကောင်မလေးကို ခပ်တည်တည် ရှင်းပြတယ်။ ကောင်မလေး မျက်လုံးတွေ အရောင်လက်လာတယ်။
"မမ သီချင်းဆိုပြပါလား"
စမ်လည်း မနေနိုင်တော့။ ဂစ်တာကို ထုတ်လိုက်တယ်။ ကလေးနှစ်ယောက်က ကြိုးတွေကို အတင်းလက်နဲ့ ကိုင်ကြည့်၊ ပုတ်ကြည့်နေလို့ ဖြည်းဖြည်းကိုင်ဖို့ ပြောရတယ်။
"ရောင်စုံဘောလုံး သီချင်းရလား"
" ရောင်စုံဘောလုံး ရောင်စုံဘောလုံး တစ်လုံးငါးပြား ... တစ်လုံးငါးပြား ... ကြိုက်တဲ့အရောင် ရွေးပါ ... တစ်လုံးငါးပြား "
ကလေးနှစ်ယောက်က တညီတညာ ရွတ်ပြတယ်။
"ဟုတ်ပြီ .. အခု ဂစ်တာနဲ့ ဆိုမယ်။ မမ က တီးမယ်။ တူတူလိုက်ဆို "
ကလေးနှစ်ယောက်ဆိုရင်း ကိုယ်ကို လှုပ်ခါ၊ ပျော်ရွှင်နေကြတာ ။ သူတို့ကို ကြည့်ပြီး ကိုယ်ပါ အပျော်တွေကူးစက်။ ရောင်စုံဘောလုံး တွေ ... နောက်ထပ်။ တစ်ခေါက်ပြီး တစ်ခေါက် ... တစ်လုံးပြီး တစ်လုံး။
"ဟတ်ပီဘတ်ဒေး သီချင်းရလား " ဆိုတော့လည်း ရနေသေးလို့ တူတူ ဆိုကြပြန်တယ်။
(Jingle Bells သီချင်းကို သံစဉ်လောက်တော့ သိမယ်ထင်လို့ စာသားတွေ နေရာမှာ " ဒါဒါဒါ ဒါဒါဒါ ဒါဒါ့ ဒါဒါဒါ " စသဖြင့် သင်ကြည့်ဖို့ ကြိုးစားတယ်။ ဒါတော့ မအောင်မြင်)
စမ်က ကလေးတွေကို ဂစ်တာကြိုးလေးတွေကို လက်နဲ့ ဖြည်းဖြည်းချင်း ပုတ်ကြည့်ဖို့၊ တီးကြည့်ဖို့ ခွင့်ပေးတယ်။ ကိုယ်တိုင်လက်နဲ့ တီးပြီး အသံထွက်လာတာကို အတော် သဘောကျနေကြတဲ့ ပုံ။
ရောင်စုံဘောလုံးထပ်တီးတယ်။ ဟတ်ပီးဘတ်ဒေး ထပ်တီးတယ်။ ပြီးတော့ "အဖိုးကြီးအို ခါးကုန်းကုန်း ... "
ခဏနေတော့ ကလေးနှစ်ယောက်ကို ဓာတ်ပုံရိုက်ပေးတယ်။ ပို့စ်တွေ ပေးကြတာ ဟုတ်နေတာပဲ။ သူတို့ ဓာတ်ပုံတွေမှာ application နဲ့ ဦးထုပ်တွေ၊ မျက်မှန်တွေ၊ ဖဲပြားတွေ တပ်ပေးပြီး ပြတော့ ပျော်လိုက်ကြတဲ့ ဖြစ်ခြင်း။
အသက်နည်းနည်း ပိုကြီးတဲ့ ကလေးနှစ်ယောက် ထပ်ရောက်လာတယ်။ သူတို့လည်း ဓာတ်ပုံအရိုက်ခံချင်တယ် တဲ့။ လေးယောက်ပုံ စုရိုက်ပေးပြီး application နဲ့ ပြင်။
"သားကို ဒီ ဦးထုပ်လေး ဆောင်းပေးပါ " "သမီးက ဖဲပြားလေး တပ်မယ် " " သားကိုလည်း ဒီဦးထုပ်ပဲနော် " အသံ တစီစီ နဲ့ ။ ဓာတ်ပုံပြတဲ့ အခါ အဟုတ်ကြီး သဘောကျလို့။
နောက်ထပ်ရောက်လာတဲ့ ကလေး နှစ်ယောက်ကလည်း အကင်နည်းနည်းတောင်းကြပြန်တယ်။ အကင်မကျွေးရင်တောင် အချဉ်ရည်နဲ့ ပေးတဲ့ သခွားသီးလောက် ပေးပါ ဆိုတော့ ကိုယ်တွေလည်း မနေနိုင်တော့။ လက်ကျန်အကင်တွေကိုပဲ ကလေးတစ်ယောက်စီ လိုက် ခွံ့ ကျွေးဖြစ်တော့တယ်။ ။
(ကလေးတွေ ပြန်ခါနီး စမ့် ပါးကို တစ်ယောက်တစ်ချက်စီ နမ်းသွားကြတာကိုတော့ မနာလိုလို့ မပြောတော့ပု :3 :P )

No comments:

Post a Comment