Wednesday, July 20, 2016

Nov 27, 2014


ဆောင်းကို ကိုယ်တို့ ရ ခဲ့တယ်။
စောစောက အတူ နားထောင်နေခဲ့တဲ့ "Starry Starry Night " သီချင်း။ အခု အဆောက်အအုံကြီးတွေ ၊ လူအနည်းအကျဉ်း ရှိနေတဲ့ ပလက်ဖောင်းပေါ်က ဆိုင်လေးတွေနဲ့ ကားလမ်းမပေါ် ပျံသန်းရိုက်ခတ်ထိမှန်ပြီး ကိုယ်တို့ဆီ လက်တံတွေ ပြန်လည်ဆန့်တန်းလာတဲ့ ဗန်ဂိုးရဲ့ အဝါရောင်တွေ။
ဆူးလေမှာ ရောက်နေတယ်။ ပိတ်ထားတဲ့ မဟာဗန္ဓုလပန်းခြံရဲ့ ဖွင့်ထားသေးတဲ့ ရေပန်းနားမှာ ရောက်နေတယ်။ ဘာသာစကားနဲ့ ဖော်ပြဖို့ (အနည်းဆုံး ကိုယ့်အတွက်) အခက်အခဲ အများကြီး ရှိတဲ့ သာယာနာကျင်တဲ့ ခံစားချက် အမှတ်တစ်ခုမှာ ရောက်နေတယ်။ စကိတ်ကို ကျွမ်းကျွမ်းကျင်ကျင်စီးနေတဲ့ လူငယ်တစ်ချို့။ ဟိုးဘက်ဆိုရင် ... မီးရောင်တွေ အစား အမှောင်ကို မြင်ရတယ်။
တွဲထားတဲ့ လက်တွေကြားမှာ ... ဘာမှ မရှိဘူး... ဆိုပေမယ့် ဒီအချိန်ကို ပြန် တ သ မိနေမယ်ဆိုတဲ့ အနာဂတ်ရောက် ကြိုကြိုတင်တင် အလွမ်းတွေ ရှိမယ်။ ပြောပြမယ်။ ဆရာအောင်ချိမ့် ရဲ့ "ပြိုင်တူ ကတုန်ကယင် ဖြစ်ရတဲ့ အသက်အရွယ် " ဆိုတဲ့ အသုံးနှုန်းကို နားလည် မိပြီ လို့ ယုံကြည်တဲ့ အသိအကြောင်း။ မူရင်းသီချင်း ၊ Santana ရဲ့ Smooth ထက် မောင်မောင်ဇော်လတ်ရေးပြီး မျိုးကြီး ဆိုတဲ့ "အိပ်ဖန်စောင့်" သီချင်းကို ပို ကြိုက်မိတဲ့ အကြောင်း။
ဧမာနွေလ ဘုရားကျောင်းက ဓမ္မတေးသံကို အဝင်ဝနားမှာ တိုင်ပင်မထားဘဲ ရပ်နားထောင်မိကြပြန်တယ်။ အတူ။ မျက်လုံးကို မှိတ်ပြီး ရှိုက်သွင်းလိုက်တဲ့ အခါ အေးမြလတ်ဆတ်တဲ့ အနိမ့်အမြင့် ဂီတတွေ။ မျက်လုံး ပြန်ဖွင့်လို့ ရှေ့တည့်တည့်ကို စိုက်ကြည့်မိရုံနဲ့ တစ်ထပ်တည်း ချိုလွင်နေတဲ့ အပြုံးရိပ်ကလေး။
ဒီလိုနဲ့ စက္ကန့်ရောင်စုံတွေဟာ ... ဆိုရင် ... ပေါ့။ ဆောင်းဟာ တစ်စုံတစ်ခုကို စောင့်စားနေရသလို တဲ့လား။ အဝါရောင်ပြီးရင် ဘာအရောင်တွေ လာမှာလဲ။ အတူရှိရခြင်း ပြီးရင်၊ ဒီ ညခင်းလေး ပြီးရင်၊ မြင်နေရတဲ့ လခြမ်းကွေးလေး ပြီးရင် ၊ ဆောင်းရာသီပြီးရင် ... ။ ကိုယ်တို့ သိဖို့ လိုလား။ ကိုယ်တို့ သိခွင့်ရှိလား။ ..................................။
ကိုယ်တို့ လက်ချောင်းချင်း ထွေးပိုက်ထားကြလေရဲ့ ။ ။

No comments:

Post a Comment